Featured post

နည်းပညာကျောင်းသူ အသတ်ခံရတဲ့အမှု တရားရုံးအမိန့်ချတဲ့အပေါ် မိသားစုဝင်တွေ မကျေနပ်











ရန်ကုန်၊မေ၊ ၃၀။ အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်း အနီးမှာသတ်ဖြတ်ခံရတဲ့ နည်းပညာတက္ကသိုလ်ကျောင်းသူအမှုနဲ့ ပတ်သတ်ပြီး ကျုးလွန်သူကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာကြောင့် မိသားစုဝင်တွေ မကျေနပ်ဘူးလို့သိရပါတယ်။

“မုဒိန်းမှုတောင်အနှစ် ၂၀ ချမှတ်သေးတာပဲ။ တစ်ကိုယ်လုံးလည်းညိုမဲစွဲပြီး အသတ်ခံထားရတဲ့အမှုကို ၁၀ နှစ်ဆိုတာ အန်တီတို့အနေနဲ့လည်းမကျေနပ်ပါဘူး။ မလွှတ်ပေးလိုက်တာပဲ ကံကောင်း။ တိုင်းတို့ခရိုင်တို့ဆက်တက်ဖို့လည်း အမျိုးသားကအစိုးရဝန်ထမ်းဖြစ်နေတော့ တခေါက်တခေါက်လာ ရတာမလွယ်ဘူးလေ။” လို့ သေဆုံးသူကျောင်းသူရဲ့ မိခင်ဒေါ်နုနုအောင်ကပြောပါတယ်။

အဲဒီအမှုကို ဒီကနေ့နေ့လည် ၂နာရီခွဲမှာ မြောက်ပိုင်းခရိုင်တရားသူကြီးက ကျူးလွန်သူ သူထက်နိုင်(ခ) သူရအောင်ကို ပြစ်မှုထင်ရှားကြောင်း လူသတ်မှု ပုဒ်မ ၃၀၂နဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအမျိုးသမီးဟာ အသက် ၂၂နှစ်အရွယ် မမြတ်သင်းကြူ (ခ) မီးမီးဆိုသူဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ ၄ရပ်ကွက်၊ပတ္တမြားလမ်းမှာနေထိုင်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က အသတ်ခံရသူ နည်းပညာတက္ကသိုလ်ကျောင်းသူဟာ သမီးရည်းစားဖြစ်သူ သူထက်နိုင် ဆိုသူနဲ့ဖုန်းပြောဆိုခဲ့ပြီး အိမ်နေအ၀တ်အစားများနဲ့ နေအိမ်ကနေ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့သည့်နောက် ဇန်နဝါရီလ ၂၈ ရက်နေ့မနက်ပိုင်းမှာအဲဒီကျောင်းသူကို အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်းအနီးရှိ အမှတ် ၃၀၁၇ လေကြောင်းကာကွယ်ရေးတပ် ခြံစည်းရိုးအတွင်းမှာ နဖူးပေါက်ပြဲဒဏ်ရာ ယာချိုစောင်းသွေး ခြေဥဒဏ်ရာ လည်ပင်းညိုမည်းဒဏ်ရာ များနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ ကျုးလွန်ခဲ့သူ သူထက်နိုင် ကိုမြောက်ဒဂုံမြို့နယ် သခင်ဗလှိုင်လမ်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ “ဦးတို့က သမီးတစ်ယောက်လုံးဆုံးရှုံးထားရတာ။ အခုကိစ္စမှာလည်း ဦးလေးကတော့ကြိုတင်ကြံစည်တဲ့အမှုလို့ပဲထင်တယ်။ တရားသူကြီးပြောသွားတဲ့ပုံစံက လည်းဒီတစ်မှုထဲကိုပဲေ ပြာပြီးအမိန့်ချမှတ်လိုက်တာ။ အမှန်ဆိုသမီးသေဆုံးတဲ့ပုံစံကရစရာမှမရှိတာ နှာခေါင်းကလည်းသွေးထွက် ဗိုက်တွေလည်ပင်းတွေညိုမဲစွဲနေတာ။ ဒါကတခြားပုဒ်မတွေတပ်လို့မရတော့ဘူးလား။ ဦးတို့ကသမီးတစ်ယောက်လုံးဆုံးရှုံးရတဲ့သူတွေပါ။”လို့ သေဆုံးသူရဲ့ ဖခင် ဦးမြတ်ထွန်းအောင်က ပြောပါတယ်။

Author / ဝင်းနန္ဒာ











Comments